IEM earphone ဖြစ်တဲ့ NICEHCK DB3 နဲ့ KZ ZS6 အပေါ် entry user တစ်ယောက်ရဲ့ သုံးသပ်ချက်တချို့
မိုးလေးတဖွဲဖွဲနဲ့ လေအေးအေးတိုက်ခက်နေတဲ့
လက်ဘက််ရည်ဆိုင်ဒေါင့်ဝိုင်းမှာနားကြပ်တပ်ပြီး သံစဉ်တွေရှိတဲ့ဆီကို
ခဏထွက်လာခဲ့လိုက်တယ်။
ပတ်ဝန်းကျင်ကလည်း အုံ့မှိုင်းမှိုင်းနဲ့ပေါ့
မြေသင်းနံ့တွေလည်း တချက်တချက်နှာခေါင်းထဲ ဝင်လာချိန် စည်းချက်တွေကို တစိမ့်စိမ့်လိုက်ခံစားမိနေတယ်။
တကယ်တော့ ယောက်ျားလေးတယောက်မှာ တန်ဖိုးကြီး အသုံးအဆောင်တွေဆိုတာ သိပ်မှ မလိုအပ်ပဲ။
ကိုယ်ကြိုက်တဲ့ အသုံးအဆောင်တစ်ခုကို စျေးပေါပေါနဲ့ ဝယ်ပြီးပျက်တိုင်း ခဏခဏ ဝယ်နေမယ့်အစား စျေးတန်းတစ်ခုပေးပြီး အရည်အသွေးကောင်းကောင်းနဲ့ တခါပဲ ဝယ်လိုက်တာနဲ့တင် အချိန်ကြာကြာသုံးလိုက်ရရင် လုံလောက်ပြီ။
ဟိုတလောက နားကြပ်လေးတခုလိုချင်နေတာနဲ့ earphone တွေအကြောင်း လိုက်စုံစမ်းကြည့်မိတယ်။ နဂိုက သုံးခဲ့ဖူးတဲ့ Remax dual core (စပီကာ ၄လုံး) နဲ့ကောင်ကို စျေးကြည့်လိုက်တော့
၂၅၀၀၀ ကနေ အခု ၄၅၀၀၀ ဖြစ်နေတော့ တခြားအမျိုးအစားတွေ ရှိမလားဆိုပြီး လိုက်ရှာကြည့်လိုက်တယ်။ အဲ့မှာ ဘာသွားတွေ့လဲဆိုတော့ IEM နားကြပ် အမျိုးအစားတွေကို သွားတွေ့တယ်။ IEM ဆိုတဲ့ အရှည်ကောက်က In Ear Monitor ဖြစ်ပြီး သူ့ကိုအဆိုတော်တွေ stage show မှာ သီချင်းဆိုတဲ့အခါ သူအသံကို ပြန်ကြားနိုင်အောင် သုံးရတဲ့ earphone တစ်မျိုးပေါ့။ ပြီးတော့ သူ့ရဲ့အားသာတဲ့အချက်က cable ကြိုးတွေကို ဖြုတ်လို့ရပြီး upgrade လုပ်နိုင်သလို သီချင်းကောင်းကောင်း တီးလုံးသံတွေကို detail ကျကျနားထောင်ချင်တဲ့သူတွေအတွက် accessories တခုချင်းစီကို upgrade လုပ်သွားလို့ရတယ်။ အဲ့ဒီ့ IEM နားကြပ်တွေနဲ့ ပတ်သက်ပြီး ထူးခြားတာက user အတွက် community သပ်သပ်ကို ရှိနေတာပဲ။ ရေမွှေးကြိုက်တဲ့သူတွေဆို ရေမွှေးအကြောင်း ငြင်းကြခုန်ကြ ဆွေးနွေးလို့ရတဲ့သူတွေ အဖွဲ့အစည်းတွေလိုပေါ့။ နောက်ပြီး Music နဲ့ Melody တွေကို detail ကျကျ အသေးစိတ်ကျကျနားထောင်တတ်တဲ့ Audiophile ဝါသနာအိုးတွေကျတော့ IEM တမျိုးနဲ့တင် မဟုတ်တော့ပဲ Type-C တို့ Lightning port တွေကနေတဆင့် ပိုကောင်းတဲ့ Chip တွေပါတဲ့ DAC ခံပြီး နားထောင်တာမျိုး၊ music နားထောင်တာတောင်မှ သီချင်းကို Mb များတဲ့ Hi-Fi တို့ Hi- Ris တို့မှ နားထောင်တာမျိုး၊ တချို့ဆို ဖုန်းနဲ့တောင် တိုက်ရိုက်နားမထောင်တော့ပဲ MP3 format ပါတဲ့ Audio player မျိုးတွေနဲ့ပဲ နားထောင်တတ်ကြတဲ့သူတွေမျိုးပေါ့
တစ်ခုပြောစရာရှိတာက IEM နားကြပ်တွေက အခုခေတ်လို earbud တွေ Bluetooth နားကြပ်တွေပေါ်နေတာတောင်မှ ကြိုးတွေ MP3 player တွေနဲ့ ခေတ်နောက်ပြန်ဆွဲနေသလားပေါ့။ အသံအရည်အသွေးနဲ့ သံစဉ်တခုချင်းစီရဲ့ အသေးစိတ် နောက်ခံတီးလုံးသေးသေးလေးတွေက ကြည်ကြည်လင်လင်နဲ့ Professional ကျကျနားထောင်ချင်ပြီး အသံအာရုံ ကာမဂုဏ်ကို အပြည့်အဝခံစားချင်တဲ့ Audio ဝါသနာအိုးတွေအတွက်ကတော့ တကယ့် နိဗ္ဗာန်ပါပဲ။ နောက်တစ်ခုကတော့ IEM နားကြပ်တွေက အမျိုးအစားလည်းကောင်းသလို စျေးကလည်း မြောက်ပါတယ်။ အနိမ့်ဆုံး ၃သောင်းတန်လောက်စပြီး သိန်းဆယ်ဂဏန်းလောက်ထိ ရှိကြပါတယ်။ ဒါကြောင့် သာမာန်အမျိုးအစားကောင်းတဲ့ ရိုးရိုးနားကြပ်တွေနဲ့ စျေးအနိမ့်တန်းက IEM နားကြပ်နဲ့ ယှဉ်နားထောင်ရင်တောင် အစစအရာရာ ကွဲထွက်သွားတာပါပဲ။
အဲ့လိုနဲ့ ယောက်ျားလေးတစ်ယောက်မှာ ဘယ်နေရာရောက်ရောက် အပန်းဖြေဖို့အတွက် နားကြပ်ကောင်းကောင်းတစ်စုံရှိဖို့လိုအပ်တယ်ဆိုပြီး IEM အမျိုးအစား နားကြပ်တွေကို စုံစမ်းကြည့်လိုက်တော့ ကျနော်တို့လို entry level တွေအတွက် budget တန်းအရရော စျေးနှုန်းအရရော fair ဖြစ်တဲ့ IEM နားကြပ် ၂ခုကို သွားတွေ့ပါတယ်။ တခုက DB3 ဖြစ်ပြီး နောက်တစ်ခုက KZ ZS6 ပါ။
နှစ်ခုစလုံးကတော့ သူ့စျေးနဲ့သူ quality မှာတော့ ကောင်းကြပါတယ်။ bass ၊ Mids နဲ့ Treble မှာတော့ DB3 က ပိုသာပြီး Soundstage နဲ့ Imaging မှာတော့ KZ ZS6 က ပိုသာပါတယ်။ ဒါပေမယ့် တခုနဲ့တခုက Sound quality အရတော့ မတိမ်းမယိမ်းတွေပါပဲ။ build quality ရော Design ပိုင်းမှာတော့ KZ ZS6 ကတော့ DB3 နဲ့ ယှဉ်ရင် metal body နဲ့လုပ်ထားတဲ့အတွက် နားကြပ်တခုကို ကြာကြာသုံးချင်တယ်၊ ဒီဇိုင်းလေးလည်း လှရမယ်ဆိုတဲ့သူတွေအတွက်တော့ KZ ZS6 ကို ပိုရွေးသင့်ပါတယ်။ ဒါမှမဟုတ်ပဲ music quality ကို နည်းနည်းလေး ပိုကောင်းကောင်းနားထောင်တတ်တယ်။ ဒီဇိုင်းတွေဘာတွေက အရေးမကြီးဘူးဆိုရင်တော့ KZ ZS6 ထက် စျေးလည်းသက်သာတဲ့ DB3 ကို ရွေးသင့်ပါတယ်။ ကျနော်ကတော့ Entry level ဖြစ်တဲ့အတွက် Audiophile တွေလိုမျိုး အသေးစိတ်မခံစားတတ်သေးတော့ build quality နဲ့ body housing ပိုင်း ပိုလှတဲ့ KZ ZS6 ကိုပဲ ဝယ်လိုက်ပါတယ်။ နားထောင်တဲ့အခါမှာ အသံအနေအထားကတော့ ပိုပြီး အသေးစိတ်ကျတဲ့အပြင် နောက်ခံအသံအသေးစိတ်ကအစ ကြည်ကြည်လင်လင် နားထောင်လို့ရပါတယ်။ EDM လိုမျိုး bass သံပြင်းတဲ့ ဟာတွေကို နားထောင်တာ ကြာရင် စူးတယ်ဆိုပေမယ့် လက်ခံလို့ရပါတယ်။ KZ ZS6 ရဲ့ အားနည်းချက်ကတော့ metal body ဖြစ်တဲ့အတွက် နားမှာ ကြာကြာတပ်ထားရင်တော့ နားရွက်က နည်းနည်းနာတတ်ပါတယ်။ ကြာရင်တော့ အဆင်ပြေမလား မသိပေမယ့် လောလောဆယ်တော့ ကသိကအောက်ဖြစ်စရာပါ။ နားကြပ်တွေရဲ့ ထုံးစံအတိုင်းတော့ သူများနားနဲ့ ကိုယ့်နားက မတူတဲ့အတွက် ကိုယ်နဲ့အဆင်ပြေတာပဲ ရွေးသင့်ပါတယ်။
ဒါတောင် ကိုယ်ကြိုက်တဲ့ Music အမျိုးအစားပေါ်မူတည်ပြီး ရွေးချယ်လို့ရမယ့် IEM နားကြပ်အမျိုးအစားတွေအများကြီး ထပ်ရှိပါသေးတယ်။ IEM နားကြပ်နဲ့နားထောင်ပြီး အသံအာရုံ ကာမဂုဏ်ကို ခံစားတတ်မိသွားရင်တော့ ကိုယ်နားထောင်တဲ့ သီချင်း quality ကို ပိုပြီးကောင်းသထက်ကောင်းအောင် accessories တွေထပ်ဝယ်ပြီး upgrade လုပ်ပြီး နားထောင်ကြတာပေါ့။





Comments
Post a Comment