ကျနော်စိတ်ဝင်စားတဲ့ Minimalism ဝါဒ

ကမ္ဘာပေါ်မှာ ဝါဒစနစ်တွေက အများကြီးရှိပေမယ့် Minimalism ဆိုတာ မြန်မာနိုင်ငံမှာ ခေတ်စားလာတာ သိပ်မကြာသေးပါဘူး။ ခေတ်မှီနည်းပညာတွေတိုးတက်လာတာနဲ့အမျှ ရုပ်ဝတ္တုပစ္စည်းတွေအပေါ် စွဲလမ်းမှုတွေဟာ လူသားတွေကြားမှာ ပိုပြီးဆွဲဆောင်လာပါတယ်။ အဲ့ဒီ့အရာကို Materialism (ရုပ်ဝတ္တုတွေအပေါ် စွဲလမ်းနှစ်သက်ခြင်း) လို့သတ်မှတ်ပြီး Minimalism ဆိုတာ အဲ့ဒီအရာရဲ့ပြောင်းပြန်ပါ။ ကိုယ့်ရဲ့ဘဝကို အရိုးရှင်းဆုံးလက်ခံပြီး ရုပ်ဝတ္တုတွေအပေါ်မှာ အတတ်နိုင်ဆုံး မှီခိုမှုကို လျှော့နည်း​အောင် လုပ်ဆောင်တာဖြစ်ပါတယ်။ 


မရှိသေးတဲ့ အရာတွေပေါ်မှာ မျှော်လင့်မနေပဲ ရှိပြီးသား ပစ္စည်းတွေကို တန်ဖိုးထားတတ်ပြီး စိတ်ချမ်းသာအောင် နေထိုင်ခြင်းပါပဲ။ တကိုယ်ရည်သုံးပစ္စည်းတွေကိုလည်း လိုအပ်တဲ့ပစ္စည်း ဒါမှမဟုတ် လိုအပ်တဲ့ပမာဏကိုသာ သုံးစွဲခြင်းအားဖြင့် ထိန်းသိမ်းရတဲ့အလုပ်မရှုပ်သလို ငွေကြေးသက်သာမှုအတွက်ပါ အကျိုးရှိစေပါတယ်။ ဥပမာ- အိမ်အတွက် လိုအပ်တဲ့ သောက်ရေခွက်တစ်ခုကိုသာ ထားရှိပြီး ရေသောက်တာပဲဖြစ်ဖြစ် ရေနွေးသောက်တာပဲဖြစ်ဖြစ် တခြားရေထည့်ရတဲ့ ကိစ္စတွေမှာ တစ်ခွက်တည်းနဲ့ အများကြီး သုံးနိုင်ပါတယ်။ Minimalism ဆိုတာ ကိုယ့်အတွက် မလိုအပ်ပဲ ပိုလျှံနေတဲ့ ပစ္စည်းတွေကို တကယ်လိုအပ်နေတဲ့ တခြားသူတွေအတွက် ပေးကမ်းစွန့်ကျဲခြင်းဖြင့် စိတ်ချမ်းသာမှုကို ရစေသလို အဲ့ဒီ့ပစ္စည်းတွေအပေါ်မှာ တွယ်တာစိတ်လည်း လျှော့နည်းသွားတာကြောင့် စိတ်ပေါ့ပါးသွားစေပါတယ်။ တသက်လုံး ဝတ်လာပြီး မတော်တော့တဲ့အဝတ်အစားမျိုးတွေ၊ လက်ဆောင်ရထားပြီး ကိုယ်တိုင်အတွက် သိပ်အသုံးမလိုတဲ့ပစ္စည်းတွေ၊ ရှုပ်နေသော်လည်း တချိန်အသုံးဝင်မှာပါဆိုပြီး သိမ်းထားတဲ့ ပစ္စည်းအဟောင်းတွေကို သေချာစစ်ဆေးပြီး ရှင်းသင့်တာတွေကို ရှင်းသင့်ပါတယ်။ ဒါကြောင့် Minimalist တစ်ယောက်ရဲ့ပုံပန်းသွင်ပြင်နဲ့ နေထိုင်မှုပုံစံဟာ သိသာပါတယ်။ 


Minimalism စနစ်ကို ကျင့်သုံးနေတဲ့သူတစ်ယောက်ဟာ ရုပ်ဝတ္တုတွေရဲ့လွှမ်းမိုးမှု မရှိတာကြောင့် ရိုးရှင်းပြီး အတွင်းစိတ်အေးချမ်းတာကိုပဲ အလေးပေးတဲ့အတွက် branded တွေနဲ့ မိမိကိုယ်ကို ချည်နှောင်နေမယ့်အစား ကိုယ့်အတွက် တကယ်လိုအပ်တဲ့ ပစ္စည်းတွေနဲ့ပဲ ပေါ့ပေါ့ပါးပါး ဝတ်ဆင်တာမျိုးအပြင် သူ့ရဲ့နေထိုင်မှုပုံစံကအစ သပ်ရပ်ရိုးရှင်းပြီး မျက်စိရှုပ်စေမယ့်အသုံးအဆောင်၊ အပြင်အဆင်လုံးဝမရှိပဲ အမှန်တကယ်လိုအပ်တဲ့ ပစ္စည်းတွေကိုသာ ထားရှိပြီး တန်ဖိုးထားကြပါတယ်။ 


အခုခေတ်မှာ နည်းပညာတွေ မြင့်လာတာနဲ့အမျှ အသုံးအဆောင်ပစ္စည်းတွေဟာ တစ်ခုနဲ့တစ်ခုအပြိုင်အဆိုင်ထုတ်လုပ်လာကြပါတယ်။ လူတွေရဲ့ စိတ်ခံစားချက်တွေအရ ရုပ်ဝတ္တုတွေရဲ့ တပ်မက်မှုနောက်ကိုသာ လိုက်ပြီး ဘဝအတွက် အရေးကြီးတဲ့ စိတ်ပျော်ရွှင်မှု၊ မိသားစုဝင်တွေအပေါ် ဆက်ဆံရေးနဲ့ တခြားသော ကိစ္စတွေအပေါ်မှာ အားနည်းလာကြပါတယ်။ အဲ့ဒီ့အကြောင်းအရာတွေအပေါ် သိမြင်နားလည်လာကြတဲ့သူတွေက Minimalistic ဆန်ဆန်ကျင့်သုံးလာကြပြီး မလိုအပ်တဲ့ပစ္စည်းအသုံးအဆောင်တွေကို လျှော့ချသုံးစွဲတာမျိုး၊ ကိုယ်နှစ်သက်တဲ့ Yoga ဒါမှမဟုတ် Meditation လုပ်ပြီး စိတ်ရောကိုယ်ပါ အေးချမ်းအောင်လုပ်တာမျိုး၊ အားလပ်ချိန်တွေမှာ Digital product တွေသုံးမယ့်အစား စာအုပ်တွေနဲ့ သဘာဝပတ်ဝန်းကျင်တွေမှာသာ အပန်းဖြေတာမျိုးနဲ့ပဲ ဖြတ်သန်းတတ်ကြပါတယ်။ ဒီ့ထက်ပိုပြီး Minimalistic အကြောင်းကို စိတ်ဝင်စားတယ်ဆိုတော့ Dr. PhyoThiha ရေးတဲ့ “ဗုဒ္ဓအလိုကျ Minimalism” ဆိုတဲ့စာအုပ်မှာ လေ့လာနိုင်သလို တခြား English Article တွေမှာလည်း ဖတ်ရှုနိုင်ပါတယ်။

Comments